ကျွန်ုပ်သည် လွန်ခဲ့သော တစ်လခန့်က တစ်လလောက်ကြာအောင် နေထိုင်မကောင်း
ဖြစ်ခဲ့လေ၏။ ကျွန်ုပ်၏ ကျန်းမာရေး ညံ့ခြင်း၊ နေမကောင်းခြင်း အကြောင်းကို
ကျွန်ုပ်နှင့် သိကျွမ်း ခင်မင်ရင်းနှီးကြသော ၊ ကျွန်ုပ်၏ အကျိုးကို
ထာဝစဉ်လိုလားကြကုန်သော မိတ်ဆွေ အပေါင်းတို့အား ကျွန်ုပ်က ပြောပြသောအခါ
၎င်းတို့သည် ကျွန်ုပ်အား မသနားမယ့် အပြင် ဒေါသတောင် ဖြစ်ကြကုန်၏။ အားမလို
အားမရ ဖြစ်ကြကုန်၏။ ကျွန်ုပ်အား ၀ိုင်း၍ အပြစ်တင်ကြကုန်၏။ ၎င်းတို့အား
ကျွန်ုပ်သည် အပြစ်မတင်ရက်ပေ...။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ဒေါသသည် ဂရုဏာ
ဒေါသ ဖြစ်မှန်း ကျွန်ုပ် ကောင်းကောင်း နားလည်သောကြောင့် ဖြစ်လေ၏။
ကျွန်ုပ်သည် ပထမဦးဆုံး နေထိုင်ခဲ့သော အခန်းလေးသည် လွန်စွာ ကျဉ်းမြောင်းလေ၏။ လူအများကို တစ်ပြိုင်နက်တည်း ယတြာချေပေးလို့ မရဘူး - လုံးချင်းအိမ်တစ်လုံးကို ပြောင်းမည်ဟု အစီအစဉ် ဆွဲခဲ့၏။ အိမ်ကျယ်ကျယ်တွင် လူအများအား ဓာတ်ကြီးလေးပါး ယတြာ ၊ ခင်ပွန်းကြီးဆယ်ပါး ယတြာ ၊ ခေါင်းဆေးမင်္ဂလာ ယတြာ အစရှိသော ယတြာများကို အခကြေးငွေး တစ်ပြားတစ်ချပ်မှ မတောင်းခံပဲ မေတ္တာသက်သက် စေတနာ သက်သက်ဖြင့် ယတြာချေပေးမည်ဟု စဉ်းစားလိုက်၏။
ကျွန်ုပ်၏ မိတ်ဆွေများကလည်း ကျွန်ုပ်လိုချင်သော လုံးချင်းအိမ်ကို ၀ိုင်းဝန်း ရှာပေးကြ၏။ ရတော့၏ ရ၏။ သို့သော် တစ်ချို့ အိမ်များသည် နေရာကို မနှစ်သက်သောကြောင့်၎င်း တစ်ချို့ အိမ်များကို ပတ်ဝန်းကျင်ကို သဘောမကျသောကြောင့်၎င်း မပြောင်းဖြစ်ခဲ့ပေ...။ ထို့နောက် ကျွန်ုပ်၏ အမအရင်းသဖွယ် ရင်းနှီးသော အမျိုးသမီး တစ်ဦး၏ အကူအညီဖြင့် ယခုနေထိုင်သော ရပ်ကွက်ထဲတွင် လုံးချင်း အိမ်တစ်လုံးကို သတင်းကြားသောကြောင့် ထိုအမနှင့် ကျွန်ုပ် သွားရောက် ကြည့်ကြ၏။ ကျွန်ုပ်လည်း သဘောကျ၏။ အိမ်ရှေ့ သံတံခါးတွင် ကတ်ထူစက္ကူတွင် ဆော့ပင်ဖြင့် ရေးထားသော ဖုန်းနံပါတ်ကို ထိုအမမှ ဖုန်းဆက်ပေး၏။ တစ်ဖက်မှ အိမ်ပိုင်ရှင်က ညနေ ငါးနာရီတွင် လာခဲ့မည်ဟု ပြန်ပြောလေ၏။ ညနေငါးနာရီထိုးတွင် အိမ်ပိုင်ရှင်မှ သူ-ရောက်နေပြီ ဖြစ်ကြောင်း ဖုန်းဆက်လာသောကြောင့် ကျွန်ုပ်နှင့် အမတို့ နှစ်ဦးသည် ၎င်းအိမ်ပိုင်ရှင်နှင့် သွားတွေ့ကြ၏။ အိမ်ပိုင်ရှင်မှာ အသက် (၆၀)ခန့် ရှိသော ထိုင်း အမျိုးသမီးကြီး တစ်ဦး ဖြစ်လေ၏။
အားလုံး အိုကေ၏။ ကျွန်ုပ်အား ဘယ်တော့ စပြီးေ နမှာလဲဟု မေး၏။ ကျွန်ုပ်က ဒီလ-ကုန်ဟု ပြန်ပြောလိုက်၏။ စဘော်ငွေ တစ်သောင်းခြောက်ထောင်ပေး ရမည်ဟု ဆို၏။ ကျွန်ုပ်ကလည်း ခေါင်းငြိမ့်လိုက်၏။ တစ်လလျှင် အိမ်လစာ ထိုင်းဘတ်ငွေ (၆၀၀၀) ပေးရမယ်။ အခုလောလောဆယ် အခန်းခ တစ်လစာ ကြိုပေးထားရမယ်ဟု ထပ်ပြော၏။ ကျွန်ုပ်ကလည်း (ခပ်-ဟုတ်ကဲ့) ဟု ပြန်ပြောလိုက်၏။ ဘယ်နေ့မှာ စဘော်ငွေ သောင်းခြောက်ထောင်နဲ့ တစ်လစာ ကြိုတင်ငွေ ခြောက်ထောင် ၊ စုစုပေါင်း နှစ်သောင်းနှစ်ထောင်ကို လာပေးမလဲဟု မေး၏။ ကျွန်ုပ်ကလည်း မနက်ဖြန် ငါးနာရီတွင် လာပေးမည် ဖြစ်ကြောင်း ပြန်ပြောလိုက်၏။ အိမ်ပိုင်ရှင် အတန်တီကြီးကလည်း အိုကေ- အဆင်ပြေတယ်ဟု ထိုင်းလို ပြန်ပြော၏။ ထို့နောက် ကျွန်ုပ်တို့နှစ်ဦးလဲ ၎င်း အိမ်ပိုင်ရှင် အန်တီကြီးကို စ၀ါဒီခပ် (မင်္ဂလာပါ) ဟု နှုတ်ဆက်ကာ ပြန်ခဲ့လေတော့၏။
ကျွန်ုပ် လကုန်တွင် ပြောင်းမည့် လုံးချင်းအိမ်သည် နှစ်ထပ်အိမ် ဖြစ်၏။ အပေါ်ထပ်တွင် အခန်း သုံးခန်းပါ၏။ ရေချိုးခန်း အိမ်သာ ပါ၏။ အောက်ထပ်တွင်မူ ဟောခန်းကြီး ဖြစ်၏။ အပေါ်ထပ် ၀ရံတာလေးလဲ ပါ၏။ ကျွန်ုပ်သည် အိမ်ရှေ့ဝရံတာနှင့် ကပ်ရက် အခန်းကို ဘုရားခန်း ဗေဒင်ဟောခန်း လုပ်မည်ဟု စိတ်ကူးမိ၏။ ထိုအခန်းလေးသည် တော်တော်လေး ကျယ်သောကြောင့် အနည်းဆုံး လူ အယောက် ငါးဆယ်လောက် တစ်ပြိုင်နက်တည်း ယတြာ ချေနိုင်မည် ဖြစ်၏။ ဗေဒင်ကိုလည်း ထိုဘုရားခန်းတွင်ပင် ဟောမြင်ဟု ဆုံးဖြတ်လိုက်၏။ နောက်ဘက်အခန်းကိုမူ ကျွန်ုပ်၏ အိပ်ခန်းအဖြစ် အသုံးပြုမည်၊ အလယ်က အခန်းကျဉ်းလေးကိုတော့ မိမိအတွက် လောလောဆယ် အသုံးမ၀င်သော တိုလီမုတ်စ ပစ္စည်းများ ထည့်ထားမည်ဟု တွေးနေမိ၏။
ကျွန်ုပ်၏ ဘုရားခန်းကိုလဲ ကျွန်ုပ်သည် ကောင်းကောင်း ပြင်ဆင်လိုက်မည်ဟု အောက်ပါအတိုင်း ဆက်လက် တွေးတောနေမိတော့၏။ ဘုရားစင်ရဲ့ ညာဘက်မှာ နေတံဆိပ် ၊ ဘယ်ဘက်တွင် လ - တံဆိပ်ကို ရေးထားမယ်။ စိတ်ကူးထဲတွင် ကျွန်ုပ်သည် ဘုရားဆင်းတုတော် ခပ်ကြီးကြီး တစ်ဆူကို ဘုန်းကြီးကျောင်းတွင် သွားပင့်၏။ ရှင်သီဝလိကိုတော်ကြီးနှင့် ရှင်ဥပဂုတ္တ ကိုတော်ကြီးများကိုလဲ မြန်မာပြည် မြ၀တီကို မှာလိုက်မယ် ။ သာသနာစောင့် နတ်မင်းကြီးလေးပါး ရုပ်ထု နှင့် သူရဿတီ ရုပ်ထုကိုလဲ အတူပင် မှာလိုက်၏။ ထို့နောက် ကျွန်ုပ်၏ ဘုရားခန်းတွင် မြတ်စွာဘုရားအား အမြင့်ဆုံး ဘုရားစင်၏ အလယ်တွင် ပူဇော်ထား၍ ရှင်သီဝလိ ရုပ်ထုတော်ကို မြတ်စွာဘုရား၏ ဘယ်ဘက်တွင် ထား၏။ ရှင်ဥပဂုတ္တ ရုပ်ထုတော်ကို မြတ်စွာဘုရား၏ ညာဘက်မှာ ထား၏။ သာသနာစောင့် နတ်မင်းကြီးလေးပါး ရုပ်ထုများကို ဘုရားစင်ရဲ့ ညာဘက်မှာ နေရာချလိုက်၏။ ထို့နောက် ဘုရားစင်၏ ညာဘက်တွင် အဘ ဘိုးမင်းခေါင် ရုပ်ထုနှင့် ဘုရားစင်၏ ဘယ်ဘက်တွင် အဘဘိုးဘိုးအောင်၏ ရုပ်ထုကို ထားမည်။ သူရဿတီ ရုပ်ထုတော်ကိုတော့ ဘုရားစင်ပေါ် တင်လို့ မဖြစ်ဘူး။ ဒါကြောင့် ဘုရားစင်ရဲ့ လက်ဝဲဘက်မှာ ဘုရားစင်ထက် နဲနဲ နိမ့်တဲ့ စင်ကလေး တစ်စင်နဲ့ ထားမယ်။
ကျွန်ုပ်၏ ဘုရားစင်သည် အဆင့်ကလေးများနှင့် ဖြစ်၏။ အမြင့်ဆုံး အဆင့်တွင် မြတ်စွာဘုရား ကိုယ်တော်မြတ်အား ပူဇော်ထား၏။ ၎င်း အောက်အဆင့်တွင် ရှင်သီဝလိ နဲ့ ရှင်ဥပဂုတ္တ ပုံတော်များကို ထား၏။ နေတံဆိပ် ကလေးနားတွင် မီးလုံးနီလေး ထွန်းထားရမယ်။ ပြီးတော့ မြတ်စွာဘုရားနဲ့ ရဟန္တာတွေ အတွက် သောက်တော်ရေ ငါးခွက် ကပ်လှူမယ်။ နောက်ပြီး ၀ိဇ္ဇာတွေအတွက် အောင်အိုးလဲ ထားပေးရမယ်။ ဒီအခန်းက ဘုရားခန်းအပြင် ဗေဒင်ဟောမယ့် အခန်းဆိုတော့ ငါ့အတွက်က ဓာတ်ခန်းဆိုလဲ မမှားဘူး။ ဒါကြောင့် ကြေးစည်အပြင် မောင်းနှစ်လုံးပါ ထားထားမယ်။ တစ်လုံးကို အကြီး ၊ နောက်တစ်လုံးကိုတော့ ခပ်လပ်လပ် ထားမယ်။ ဒါတွေကတော့ ဘန်ကောက်မှာ ၀ယ်လို့ ရပါတယ်။ နောက်ပြီး မောင်းတစ်လုံးကို ရွှေရောင် သုတ်ထားမယ်။ အဲဒီမောင်းကို ရွှေမောင်းသံလို့ အမည်ရေးထားမယ်။ နောက်မောင်းတစ်လုံးကိုတော့ ငွေရောင် သုတ်ထားပြီး ငွေမောင်းသံလို့ အမည်ရေးထားရမယ်။
ပြီးတော့ ငါ့ရဲ့ ဗေဒင်ဟောခန်း ၊ ဓာတ်ခန်းလေးမှာ ဆိုင်းဘုတ်လေးလဲ တင်ရမယ်။ အမည်ကိုတော့ အဘမင်းသိင်္ခ သင်ပေးထားတဲ့အတိုင်း တွက်ပြီး သေသေချာချာ ပေးရမယ်။ ငါ့ရဲ့ မြန်မာ မွေးသက္ကရာဇ်ကို (၇)နဲ့ စားလိုက်တော့ (၂) ကြွင်းတယ်။ နာမက္ခရတိုင် ထူကြည့်လိုက်တော့ အပေါ်မှာ တနင်္ဂနွေရယ် - သောကြာရယ် - စနေရယ် ရှိတယ်။ အဲဒီ သုံးခုထဲကပဲ အမည်ပေးရမှာပဲ။ ဥုမ်သဟာ - ဗေဒင်ဟောခန်းလို့ အမည်ပေးမယ်။ ပြီးတော့ ဆိုင်းဘုတ်ကို အနီရောင်နဲ့ ရေးမယ်။ ပြီးတော့ ဘုရားခန်းမှာ အဲကွန်းလေး တစ်လုံးလဲ တပ်ထားရမယ်။ ဒါမှ လာတဲ့ ဧည့်သည်တွေလဲ အေးအေးချမ်းချမ်းလေး ဖြစ်မှာ။ နောက်ပြီး ဘုရားခန်းအတွက် အခင်းကိုတော့ ဖယောင်းပုဆိုးခင်းရင် ကောင်းမလား။ ဟင့်အင်း ဖယောင်းပုဆိုးက အေးတယ်။ ကော်ဇောပဲ ခင်းလိုက်မယ်။
အဲဒီလို ကြည်ညိုစရာ သဒ္ဓါပွားစရာ စိတ်ကြည်နူးစရာ ဘုရာခန်းကို ပြင်ပြီးရင် ငါ့ဆီလာတဲ့ ဧည့်သည်တွေကို အပတ်စဉ် အင်္ဂါနေ့ ညတိုင်း ဓာတ်ကြီးလေးပါး ယတြာ ချေပေးမယ်။ တနင်္ဂနွေနေ့ မနက်မှာ ခင်ပွန်းကြီး ဆယ်ပါး ယတြာနဲ့ ခေါင်းဆေးမင်္ဂလာ ယတြာကို အလျဉ်းသင့်သလို လုပ်ပေးမယ်။
အထက်ပါအတိုင်း ကျွန်ုပ်သည် နောက်ပြောင်းမည့် လုံးချင်းအိမ်တွင် မည်ကဲ့သို့ ဗေဒင်ဟောမည် မည်ကဲ့သို့ ယတြာချေမည် ဘုရားခန်းကို မည်ကဲ့သို့ ပြင်ဆင်မည်။ အဘမင်းသိင်္ခ ဓာတ်ပုံကြီးများကို နံရံတွင် မည်ကဲ့သို့ ချိတ်ဆွဲမည်။ အစရှိသည်ဖြင့် စိတ်ကူး တွေးတော့လျှက် ရှိနေတော့၏။ ကျွန်ုပ်၏ စိတ်သည် လွန်စွာ ပျော်ရွှင်လာ၏။ တက်ကြွလာ၏။ ဤသို့အားဖြင့် ထိုညတွင် တော်တော်လေး ညည့်နက်မှ အိပ်ပျော်ဖြစ်တော့လေ၏။ နောက်တစ်နေ့ ညနေငါးနာရီတွင် ကျွန်ုပ်နှင့် အမတို့သည် ပေးရမည့် အိမ်စပေါ်ငွေကို အဆင်သင့်ယူလျှက် အိမ်ပိုင်ရှင် အဘွားကြီး ချိန်းဆိုထားသော နေရာသို့ သွားကြ၏။ ကျွန်ုပ်တို့ ရောက်သောအချိန်တွင် အိမ်ပိုင်ရှင် အဒေါ်ကြီး မရောက်သေးသောကြောင့် ထိုအိမ်ရှေ့မှာပင် ဆိုင်ကယ် ရပ်ပြီး ခန စောင့်နေရ၏။ ကျွန်ုပ်လည်း နှစ်ထပ် လုံးချင်းအိမ်ကလေးကို ကြည့်ကာ သဘောကျလျှက် ပြုံးလိုက်မိ၏။ အမက - ငါ့မောင် အလုပ်နဲ့ဆိုရင် ကွက်တိပဲဟု လှမ်းပြောသောကြောင့် ကျွန်ုပ်မှာ ပို၍ပင် သဘောကျသွားမိ၏။
မကြာမီအချိန်တွင် အိမ်ပိုင်ရှင် အဖွားကြီးသည် ကားကို ကိုယ်တိုင်မောင်း၍ ရောက်လာလေ၏။ ကားကို ကျွန်ုပ်တို့ ဘေးတွင်ထိုးရပ်လိုက်ရင်း ကားပေါ်မှပင် မဆင်းတော့ဘဲ ကားမှန်ကို အသားလေး ချလိုက်ကာ ကျွန်ုပ်ဘေးမှ အမကို လှမ်းခေါ်လိုက်၏။ ထို့နောက် ထိုအိမ်ကို လုံးဝ မငှားနိုင်တော့ကြောင်း ပြောလေတော့၏။ ကျွန်ုပ်က ဘယ်လို ဖြစ်လို့လဲ အန်တီရယ် - မနေ့က အန်တီပြောတော့ ဒီနေ့ စဘော်ငွေ လာပေးဆိုလို့ ကျန်တော့် လာစောင့်နေတာပါ။ ဘာဖြစ်လို့ အခုကြမှ မငှားနိုင်ရတာလဲ၊ ဘာအကြောင်း ရှိလို့လဲ အန်တီ၊ ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်။ အကျိုးအကြောင်းတော့ နဲနဲ့လေး ပြောပြလို့ ရမလားဟု ကျွန်ုပ်က ထိုင်းစကားနှင့် ၀င်ပြောလိုက်လေရာ ထိုအန်တီကြီးက....
ဒီလိုပါ သားရယ်။ ညတုန်းက အန်တီ အမျိုးသားက ပြောပါတယ် ။ သူ - ဒီ အိမ်မှာနေ နေတယ်။ အဲဒါ တစိမ်းတွေကို ငှားလိုက်ရင် သူနေလို့ မရတော့ဘူးလို့ လာပြောပါတယ်။ ဒါကြောင့် အန်တီ့အမျိုးသား ခွင့်မပြုတာက တစ်ကြောင်း နောက်ပြီး သူ ဒီမှာ လွတ်လွတ်လတ်လတ် နေချင်နေပါစေ - ဘယ်သူမှ ငါ မငှားတော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ ပြောကာ သူမ၏ နှစ်ထပ်တိုက်ကလေး၏ အပေါ်ထပ် ၀ရံတာလေးကို လှမ်းကြည့်လိုက်၏။ ထိုအခါ ကျွန်ုပ်က အန်တီ အမျိုးသားက အခု ဘယ်မှာလဲဟု မေးလိုက်၏။ ထိုအန်တီကြီးက သူ.. ဆုံးသွားတာ နှစ်နှစ် ရှိပါပြီဟု ပြန်ပြောလိုက်ရင်း ကျွန်ုပ်တို့ အနီးမှ သူမ၏ကားကလေးကို ငြင်သာစွာ မောင်းထွက်သွားလေတော့၏။ ကျွန်ုပ်နှင့် အမတို့လဲ ထိုအိမ်ရှေ့တွင် မအူမလည် ကျန်နေခဲ့လေတော့၏။ အမကတော့ စိတ်မပျက်ပါနဲ့ ငါ့မောင်ရေ... အမ ထပ်ရှာပေးပါ့မယ်ဟု အားပေးစကား ပြော၏။ ကျွန်ုပ်က ရပါတယ် အမရယ်ဟု ပြန်ပြောလိုက်ပြီး ဆိုင်ကယ်မောင်းကာ ကျွန်ုပ်၏ ကိုယ်ပိုင် အခန်းကျဉ်းကလေးသို့ ပြန်လာခဲ့လေတော့၏။ ကျွန်ုပ်၏ အခန်းကျဉ်းကလေးထဲသို့ ပြန်ရောက်သော အခါတွင် ကျွန်ုပ်သည် ရေခဲသေတ္တာထဲမှ ရေခဲရေ တစ်ခွက်ကို မော့သောက်လိုက်ကာ ခြေပစ်လက်ပစ် ထိုင်ချ လိုက်မိတော့၏။
ကျွန်ုပ် ကျန်းမာရေး မကောင်းသော အကြောင်းတရားကို ပြောပြပါ့မည်။ ကျွန်ုပ်နေထိုင်သော အခန်းကျဉ်း ကလေးသည် လွန်စွာကျဉ်းမြောင်းလေ၏။ မည်မျှလောက် ကျဉ်းသနည်းဟူမူ ယောက်ျားတစ်ယောက်၏ အတောင်နှင့် တောင်ပြရပါမူ အလျား - ၁၄- တောင်လောက် ရှိ၏။ အနံကတော့ (၉)တောင်လောက် ရှိ၏။ ဤအခန်းကျဉ်းကလေး၏ ခေါင်းရင်းဘက်တွင် တစ်ခုတည်းသော ပြူတင်းပေါက် ရှိ၏။ ခေါင်းရင်းဘက်တွင် တရုတ်သချိုင်းကုန်း အဟောင်းရှိ၏။ တစ်နှစ်မှ တစ်ခါလောက်သာ လာရောက် ရှင်းလင်းကြသည်ဖြစ်ရာ ကျန်သော အချိန်များတွင် မျက်များ ခြုံနွယ်များမှာ တောထနေတော့၏။ ညနေနေ၀င်ရီ တရောတွင် ထိုတောကလေးထဲမှ ခြင် - များသည် ကျွန်ုပ်၏ အခန်းကျဉ်းကလေး၏ တစ်ခုတည်းသော ပြူတင်းပေါက်မှ စုပြုံ ၀င်ရောက်ကြကုန်၏။ ထို့နောက် ကျွန်ုပ်၏ အခန်းကျဉ်းကလေးကို ၎င်းတို့၏ ကိုယ်ပိုင်အိမ်အလား သဘေားထားကာ နေထိုင်ကြပြီးလျှင် ကျွန်ုပ်အား အချိန်ပြည့် လစ်ရင် လစ်သလို ကျွန်ုပ်၏ သွေးကို ထိုးဖောက်၍ သွေးစုတ်ကြ၏။ ကျွန်ုပ်သည် ကျန်သော အချိန်များတွင် လက်နှင့် မောင်းထုပ်သော်လည်း ကျွန်ုပ် အိပ်ပျော်နေသော အချိန်တွင်မူကား ၎င်းခြင်တို့သည် အစုအသင်းအဖွဲ့လိုက် တစ်ပြုံကြီး ၀ိုင်းအုံကာ ကျွန်ုပ်၏ အသားကို ဖောက်၍ ပျော်ပျော်ကြီး သွေးစုတ်ကြကုန်၏။
ကျွန်ုပ်သည် အခန်းထဲတွင် ပျံသန်းနေသော ခြင်များကိုကြည့်ကာ ဒီကောင်တွေဟာ အရမ်းမုန်းစရာ ရွံစရာ ချဉ်စရာ ကောင်းလို့ ခြင်လို့ ခေါ်တာလား မသိဘူး။ ပြီးတော့ သူတို့မှာ ကိုက်စရာ ပါးစပ် မပါဘူး။ အစွယ်ပဲ ပါတာ။ အဲဒီ အစွယ်နဲ့ပဲ လူတွေရဲ့ အသားကို ထိုးဖောက်ပြီး သွေးစုတ်ကြတာ။ ဒါဆိုရင် ခြင်ကိုက်တယ်လို့ ပြောလို့ ဘယ်မှန်မလဲ ၊ ခြင်ထိုးတယ်တယ်လို့ ပြောမှ မှန်မယ်ထင်တယ်။ ပြီးတော့ ဒီလို အကောင်တွေမှာ အတောင်ပန်တွေကလဲ ပါသေးတယ်။ အင်း သေးသေးလေး မို့လို့ တော်သေးတယ်။ ဒီကောင်တွေဟာ ခွေးလောက်သာ ကြီးလို့ကတော့ အရမ်း ကြောက်စရာ ကောင်းမယ်။ ဒါပေမယ့် ကြာဖူးတာကတော့ ခြင်ဆိုတဲ့ ကောင်တွေဟာ (၇၂) နာရီ လောက်ပဲ အသက်ရှည်တယ်လို့ ကြားဖူးတယ်။ သူတို့ရဲ့ ပျံသန်းခွင့်ကိုလဲ သုံးမိုင်ပဲ ပေးထားတယ်။ ပြီးတော့ လူတွေကို ကိုက်တဲ့ ခြင်တွေဟာ ခြင်မတွေလို့လဲ ကြားဖူးတယ်။ ခြင်ထီးက အစွယ်တိုနေလို့ လူသွေးကို ဖောက်စုတ်ဖို့ အဆင်မပြေဘူးလို့ ကြားဖူးတာပဲဟု တွေးလိုက်၏ ဒီလိုကောင်တွေ အကောင်သာ အကြီးကြီး ဖြစ်လာမယ်ဆိုရင် ဒီလောက်ကကြီး ဆိပ်သုဉ်းသွားဖို့ ရှိတယ်ဟု မဆီမဆိုင် တွေးနေမိ၏။
လွန်စွာမုန်းစရာ ကောင်းသကဲ့သို့ လွန်စွာမှလဲ ချဉ်စရာ ကောင်းသော ထိုခြင်ဆိုသော အကောင်များကြောင့် မကြာမီ ကျွန်ုပ်၏ ခန္ဓာကိုယ် အနှံ့တွင် အဖုအပိမ့်များ ထွက်လာလေတော့၏။ ထိုခြင်ကိုက်ဖု (ခြင်ထိုးဖု) များသည် လွန်စွာမှလဲ ယားလေ၏။ ကျွန်ုပ်သည် ထိုယားသော အဖုအပိန့်များကို ကျွန်ုပ်ကိုယ်တိုင်လဲ ကုတ်၏။ မမှီသောနေရာများမှ အဖုအပိန့်များကို မယား (ခေါ်) ကုတ်တံဖြင့်လည်း ကုတ်၏။ ရပ်ကွက်ထဲမှ ကလေးများကို မုန့်ဖိုးပေး၍ ကုတ်ခိုင်း၏။ ကလေးများက တအားကုတ်လျှင် ကျွန်ုပ်က နာကျင်လှ သောကြောင့် အား-ဟု အော်၏။ ကျွန်ုပ်အော်သည်ကို သဘောကျသွားသောကြောင့် ကလေးများသည် သူ့ထက်အပြိုင် အားနှင့် ၀ိုင်း၍ ကုတ်ကြလေ၏။ မည်မျှလောက် ဆိုးရွားသလဲဟူမူ ကျွန်ုပ်၏ ခြင်ကိုက်ဖုများသည် သွေးချင်းချင်း နီသွားသည့်အထိ ဖြစ်ကုန်တော့၏။
ထိုခြင်ကိုက်ဖုကို အကြောင်းပြု၍ ကျွန်ုပ် ခန္ဓာကိုယ် နေရာ တော်တော်များများတွင် ယားနာကဲ့သို့သော အဖု - အပိန့်များ ဖြစ်နေ၏။ သတိထားနေသည့် ကြားမှပင် တစ်ခါတစ်ရံ အမှတ်တမဲ့ ကုတ်နေမိ၏။ တစ်နေ့တွင် ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးမှ ဆရာ ဘာတွေ ပေါက်နေတာလဲဟု မေး၏။ ကျွန်ုပ်က အင်းဗျာ... ခြင်ကိုက်ရာကနေ အခု သားတွေ ယားနေလို့ဗျာဟု ပြန်ပြောလိုက်ရာ ၎င်း မိတ်ဆွေက ဟာ... ဒါများ ဆရာရယ် စောစောက ပြောရောပေါ့။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဆရာ ရှိတယ်လေ။ သူ့ကို ခေါ်ပြလိုက်...။ ကျွန်တော်တုန်းက အဲလိုပဲ အသားတွေ ယားတာ အဲဒီ ဆရာပေးတဲ့ ဆေးနှစ်လုံး သောက်လဲပြီးရော ပျောက်သွားတာ အခုထိပဲဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ဘယ်ဆရာလဲဗျာဟု ပြန်မေးလိုက်ရာ... မိတ်ဆွေက ထိုဆရာကို မနက်ဖြန်တွင် သူ လွှတ်လိုက်မည် ဖြစ်ကြောင်း ပြန်ပြောလေ၏။
ဤသို့အားဖြင့် ကျွန်ုပ်အား ထိုဆရာသည် တစ်နေ့လျှင် တစ်ကြိမ် - တစ်ခါထိုးလျှင် ဆေးနှစ်လုံး လာထိုးပေး၏။ ပြီးလျှင် ကျွန်ုပ်၏ ခြင်ကိုက်ဖုများကို ကြည့်ကာ အင်း... တော်တော်လေး ဆေးကု ယူရမယ်ဟု ပြော၏။ ဗိုင်းရပ်တွေက တော်တော်လေး ပျံ့နေပြီ။ အပေါ်ယံ ပျောက်ရုံနဲ့ မပြီးဘူး။ အထဲမှာ အသွေးထဲမှာပဲ ပျောက်သွားဖို့အတွက် ဆေးထိုးရမယ်ဟု ပြော၏။ ကျွန်ုပ်လဲ ယားယံသော ဝေဒနာ၏ နှိတ်စက်သော ဒဏ်ကို မခံနိုင်ရကား ၎င်းဆေးဆရာကို အားကိုး တကြီးဖြင့် လုပ်ပါ ဆရာရယ်။ ဆရာ့ကိုယ် အပ်ပါတယ်ဟု အားကိုးတကြီး ပြန်ပြောလိုက်မိ၏။ ထိုနေ့မှ စ၍ ဆရာသည် ကျွန်ုပ်ထံသို့ နေ့စဉ် အချိန်မှန် လာရောက်ကာ ဘယ်က်တင်ပါးတွင် ဆေးတစ်လုံး ညာဘက်တင်ပါးတွင် ဆေးတစ်လုံး ထိုး၏။ (၁၅)-ရက်ခန့် နေ့စဉ်ရက်ဆက် ဆေးလာထိုးပေး၏။ ၎င်းထိုးသော ဆေးများမှာလဲ လွန်စွာ နာလေ၏။
နောက်တစ်ရက်တွင် ဆရာသည် ကျွန်ုပ်ထံသို့ လိမ်းဆေးများ ယူလာလေ၏။ ထိုလိမ်းဆေးမှာ မြန်မာပြည်မှ မြွေနှစ်ကောင်ဆေးကဲ့သို့ ဆေးဖြစ်၏။ လွန်စွာမှ စပ်၏။ ထိုဆေးမှာမူ မြွေနှစ်ကောင်ဆေးထက် ပို၍ပင် စပ်၏။ ထိုဆေးကို လိမ်းလိုက်သည်နှင့် အသားများ လောင်သွား၏။ ခြင်ကိုက်သော အဖုကလေးများသည် ထိုဆေးလောင်သောကြောင့် အနာများ ဖြစ်ကုန်တော့၏။ ညှော်မိသောကြောင့် ထိုအနာများကို အကြောင်းပြု၍ ကျွန်ုပ်သည် အပျင်းဖျားလေတော့၏။ ဒီကြားထဲတွင် ဆေးထိုးထားသော တင်ပါးမှ ဆေးမပျံ့သောကြောင့် အကျိတ် ဖြစ်လာပြန်၏။ ထိုအကျိတ်သည်လည်း လွန်စွာ နာ၏။ အထိအခံနိုင်လောက်အောင် နာ၏။ မတော်တဆ တစ်စုံတစ်ရာနှင့် ၎င်းအကျိတ်ဖြစ်နေသော တင်ပါးကို ထိခိုက်မိလျှင်ပင် အသဲခိုက်အောင် နာကျင်သော ဝေဒနာကို ခံစားရလေ၏။
ကျွန်ုပ်သည် ဆေးလောင်သောကြောင့် ဖြစ်သော အနာများနှင့် ဆေးထိုးသောနေရာမှ အကျိတ်တို့၏ ပြင်းထန်သော ဝေဒနာ နှိတ်စက်မှု့ကို ကျွန်ုပ်၏ ခန္ဓာကိုယ်မှ ခံနိုင်ရည် မရှိရကား အပျင်းဖျားလေတော့၏။ ဖျားသည်နှင့် တစ်ပြိုင်နက် အဖျားနှင့် ဖွားဘက်တော် ချောင်းဆိုးတာလဲ ပူးတွဲ ဖြစ်လေတော့၏။ တစ်ခါတစ်ရံ ဖျားနေသော အချိန်တွင် သတိလစ်မတတ် ဖြစ်၏။ အစားအသောက် ပျက်လာ၏။ ဘာစားစား အရသာ မရှိသကဲ့သို့ ဖြစ်၏။ နေ့လည်နေ့ခင်းဘက်တွင် ကျွန်ုပ်သည် အခန်းကျဉ်းကလေးထဲတွင် စောင်ကို ခေါင်းမြီးခြံ၍ တဟင်းဟင်းနှင့် အဖျားတက်နေ၏။ ကျွန်ုပ်၏ ဘေးနားတွင် ကူညီပေးမယ့်လူကလည်း တစ်ယောက်မှ မရှိ ဖြစ်နေ၏။ ကိုယ့်ကိုကိုယ် သေတော့မယ့် လူနာတစ်ဦးကဲ့သို့ စိတ်ထဲတွင် ခံစားနေရ၏။ ထိုအချိန်တွင် ကျွန်ုပ်သည် ဇာတိ မြန်မာပြည်မှ အမေနှင့် အဖေကို အရမ်း သတိရလျှက် တမ်းတမိလေ၏။
ကျွန်ုပ် အထက်ပါအတိုင်း နေထိုင်မကောင်း ဖြစ်နေသည်မှာ ယခုဆိုလျှင် (၁၅) ရက်ခန့် ရှိနေပြီ ဖြစ်၏။ ပြည့်ဖြိုးသော ကျွန်ုပ်၏ ခန္ဓာကိုယ်မှာလဲ အစားအသောက် ပျက်သောကြောင့် အဟာရပြတ်ကာ တော်တော်လေး ချွတ်ချုံးကျသွား၏။ မဖီးမသင်ပဲ ရှုပ်ပွနေသော ဆံပင် နှင့် ရှည်ထွက်လာသော မုတ်ဆိပ်မွှေး နှုတ်ခမ်းမွေးများ အားအင်ကုန်နေသောကြောင့် မျက်လုံးများပင် ၀ါကျင်ကျင် ဖြစ်နေတော့၏။ အချိန်ပြည့် အိပ်ယာထဲတွင် တခွေခွေ ဖြစ်နေသောကြောင့် ဗေဒင်မေးရန် ဧည့်သည်များ လာလျှင်လဲ လက်ခါပြကာ ပြန်ပြန် လွှတ်လိုက်ရ၏။
တစ်နေ့တွင် ကျွန်ုပ်သည် နေ့လည်ဘက်တွင် သောက်ထားသော ဆေးများအရှိန်ကြောင့် အိပ်မောကျသွား၏။ အိပ်ယာနိုးသော အချိန်တွင် ကျွန်ုပ်သည် လန်းလန်းဆန်းဆန်း ဖြစ်နေသည်ကို သတိထားမိ၏။ ချောင်းဆိုးသောကြောင့် ရင်ခေါင်းအောင့်နေသည်မှာလဲ ပျောက်သလို ဖြစ်နေ၏။ အကျိတ်မှလဲ အနာသက်သာ သလို ဖြစ်နေ၏။ အထူးအားဖြင့် ခေါင်းထဲတွင် ခါတိုင်းကဲ့သို့ မူးဝေမနေပဲ ကြည်လင်နေ၏။ ကျွန်ုပ်သည် အသာကလေး ထထိုင်လိုက်ရင်း ကျွန်ုပ်၏ အိပ်ယာဘေးနားကို ကြည့်လိုက်ရာ ကြက်ဥနှင့်ကြာဇံများကို တွေ့ရ၏။ စာတစ်စောင်ကိုလဲ တွေ့ရလေ၏။ စာမှာ အောက်ပါအတိုင်း ဖြစ်လေ၏။ ထိုစာမှ ကျွန်ုပ်၏ တပည့်တစ်ဦး ရေးထားသော စာဖြစ်လေ၏။
ဆရာ...
ဆရာအိပ်နေတာနဲ့ အနှောက်အယှက် မဖြစ်စေချင်လို့ မနှိုးတော့ပါဘူး။ ဆရာသင်ပေးထားသလို ရက်ရှည် နေမကောင်းဖြစ်ပြီး လုံးဝ နလန်မထတဲ့ လူနာတွေရဲ့ အနားမှာ ကြက်ဥဆယ်လုံးနဲ့ ကြာဇံတစ်စည်း ထားထားလိုက်ပါ။ ချက်ချင်းဆိုသလို သိသိသာသာ နလန်ထ လာပါလိမ့်မယ်ဆိုတဲ့ မှတ်စုလေးကို သတိရလို့ ဆရာ့အတွက် ယတြာအနေနဲ့ ကြက်ဥဆယ်လုံးနဲ့ ကြာဇံတစ်စည်း ထားပေးထားခဲ့ပါတယ်။ အလုပ်က လုံးဝကို နားလို့ မရလို့ မလာနိုင်တာ ခွင့်လွှတ်ပါ။ နှစ်သစ်ကူး ပိတ်ရက် ကြမှ လာခဲ့ပါ့မယ် ဆရာ။ အဲဒီ အချိန်လောက်ဆို ဆရာလဲ နေကောင်း နေလောက်ပါပြီ။ ကျန်းမာပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ကျွန်ုပ်သည် လန်းဆန်းစွာ အိပ်ယာမှ ထလိုက်၏။ ရှုပ်ပွနေသော ကျွန်ုပ်၏ ဆံပင်များကို ဘီးတစ်ချောင်းဖြင့် ဖီးသင်လိုက်၏။ ကတ်ကြီး တစ်လက်ဖြင့် မုတ်ဆိပ်မွေး နှုတ်ခမ်းမွေးများကို ခပ်တိုတို တိလိုက်၏။ အ၀တ်အစားများကို လဲလိုက်၏။ ထို့နောက် ကျွန်ုပ်သည် ပါတ်စပို့ကို ဘောင်းဘီအိပ်ထဲတွင် အသင့်ထည့်လိုက်၏။ ကျွန်ုပ်၏ လက်ထဲတွင် လက်ကိုင်ဖုန်းကို အသင့်ယူကာ အိမ်အောက်သို့ ဆင်းလာခဲ့တော့၏။ ကျွန်ုပ်၏ ဦးတည်ရာကား.. စစ်မှန်သော တတ်ကြွမ်းသော နားလည်သော စေတနာကောင်းသော ဆရာဝန် အစစ်များရှိရာသို့.........
မှတ်ချက် - မိတ်ဆွေများခင်ဗျာ... မည်သူမဆို မိမိ၏ အသိ မိတ်ဆွေ ဆွေမျိုးသားချင်း တစ်စုံတစ်ယောက် ရက်ရှည် နေထိုင်မကောင်း ဖြစ်နေပါက ကြက်ဥဆယ်လုံးနှင့် ကြာဇံတစ်စည်းကို ၎င်း၏ အိပ်ယာဘေးတွင်း ထားထားပေးလိုက်ပါ။ ရက်ပိုင်းအတွင်း နလန်ထပြီး ပြန်လည် ကျမ်းမာလာပါလိမ့်မည်။ မည်သည့် နေ့သားမဆို အသုံးပြုနိုင်ပါကြောင်း....
စေတနာကောင်းဖြင့်
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)
0 comments:
Post a Comment